မင်္ဂလာမနက်ခင်းပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။
မြို့ကလေးရဲ့ ကျောကုန်းပေါ်က တောင်နဲ့မြောက်တန်းနေတဲ့ လမ်းပေါ်မှာ ထော်လာဂျီတွေ...ဆိုင်ကယ်တွေ.... စက်ဘီးတွေ..ကားတွေ...။
လွန်ခဲ့တဲ့ အနှစ် ၃၀ ကပေါ့။
ဒီမြို့ကလေးမှာ စက်ဘီးကလေး လေးငါးခြောက်စီး...။ မောင်ဗမာစက်ဘီးတဲ့..။ နံမည်ကသာ မောင်ဗမာပါ။ ဝဝနှစ်ယောက်စီးရင် ဘီးခွင်ပါတယ်။ အဲ့ဒီမောင်ဗမာကိုပဲ ကိုယ့်မှာမရှိတော့ သူများစီးတာငေးရပါတယ်။ ညနေပိုင်းဆို သူငယ်ချင်းတွေ ကော်ဘောလုံးစုဝယ်ပြီး ဘောကန်ရတယ်။ အခြားလုပ်စရာ ဖျော်ဖြေစရာ ဘာမှမရှိ....။ ဒီလိုကြီးခဲ့ရတာ။
အခု ကျွန်တော့်သားတွေ ဘောမကန်တော့ပါ။ တီဗွီဂိမ်းထဲမှာ စီရော်နယ်ဒိုတို့၊ ရွန်းနီတို့ကို ကန်ခိုင်းနေပါပြီ။ အိမ်မှာ သူ့အတွက် ဂျပန်ဘီးကလေးတစ်စီးနဲ့....။ ကွန်ပျူတာနဲ့...။ အစစအရာရာ အဆင်သင့်....Ready made ပဲ။
ကော်ဖီမစ်လည်း Ready made....၊ အဝတ်အစားလည်း Ready made....၊ အားလုံး အားလုံး Ready made...။ ကျောင်းတက် ....ကျူရှင်တက် ....ကွန်ပျူတာကိုင် ....ဖုန်းကလိ....။
မနေ့ကညနေက သူရေချိုးတော့ ကျွန်တော်အနားမှာရှိတယ်။ ရေဝတ်ချိုးတဲ့ ဘောင်းဘီကို ဒီအတိုင်းလှမ်းတာတွေ့လို့ ရေညှစ်ခိုင်းတော့ သူဘာပြန်ပြောတယ်ထင်လဲ။
" အဖေကြီး......ရေဘယ်လိုညှစ်သလဲ ..." တဲ့။
Eagle Breeze
၁၄၊ ၈၊ ၂၀၁၃
>>>>>>>>>>>>>>>>
မင်္ဂလာမနက်ခင်းပါ။
။။။။။။။။။။။။။။။။။။။။။။။
စာသင်နေတုန်း
သားက Report cardမှာ လက်မှတ်ထိုးဖို့ လာပေးတယ်။
ပြုံးတုံးတုံးလုပ်နေလို့ အဆင့်ကိုကြည့်လိုက်တော့ 'တစ်'ပါ။ ကျွန်တော့်ကို သူပူဆာတော့မယ်လေ။
အဋ္ဌမတန်းတစ်တန်းထဲ ကျောင်းသားသုံးရာလောက်ရှိတဲ့
အတန်းတစ်တန်းမှာ ပထမဖြစ်အောင် လုပ်ရတာ တကယ်တော့ မလွယ်လှပါဘူး။
ကျွန်တော် လက်မှတ်ထိုးပေးရင်း သားကိုပြောနေမိတယ်။
" သားရေ.......ပထမရအောင်
လုပ်ရတာလွယ်လား...."
" ဟာ.... အဖေကြီးကလည်း
ဘယ်လွယ်မလဲ....."
" အေး.... အဲ့ဒီ ကိုယ်ရထားတဲ့
ပထမနေရာက
ဖယ်မပေးရအောင်
ထိန်းသိမ်းရတာက ပိုခက်တာ.."
နောက်တစ်ကြိမ် လပတ်စာမေးပွဲမှာ သူ့သရဖူကို
ကာကွယ်ကြည့်ရင်း
သူသဘောပေါက်လာပါလိမ့်မယ်။
ဘဝဆိုတာ စိန်ခေါ်ပွဲတစ်ခုလေ။
Eagle Breeze
၁၄၊ ၈၊ ၂၀၁၃
>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။
ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)
No comments:
Post a Comment